Tuesday, July 23, 2013

ဘဝဒီရေ

ပင်လယ်မှာ ဒီရေ အတက်အကျ နေ့စဉ်မြင်တွေ့နေကြသလို သတ္တ၀ါတွေရဲ့ဘ၀ဟာ သံသရာမှာ နိမ့်တစ်ခါ မြင့်တလှည့် ဖြစ်ခဲ့ကြရတယ်။ လူ၊နတ်၊ဗြဟ္မာဆိုတဲ့ မြင့်တဲ့ဘဝ၊ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသုရကာယ် ဆိုတဲ့ နိမ့်ကျတဲ့ဘဝတွေမှာ များစွာဖြစ်ခဲ့ကြရပါတယ်။ လူ့ဘဝလေးတစ်ခုကိုပဲကြည့်လိုက်မယ်ဆိုရင် တခါတရံ အမေနဲ့သား၊ ညီမနဲ့မောင်၊ လင်နဲ့မယား အမျိုးစုံအောင်ဖြစ်ကြရတယ်။ အချို့ဆိုရင် ဘ၀တစ်ခုထဲမှာ ယောင်္ကျားကနေ မိန်းမ၊ မိန်းမကနေ ယောင်္ကျား ပြောင်းလဲဖြစ်ကြရတာတွေရှိတယ်။ အခြားဘ၀တွေမှာဆိုရင်လဲ လူ့ဘဝကနေ တိရစ္ဆာန်၊ တိရစ္ဆာန်ဘ၀ကနေ လူ့ဘ၀ဆိုပြီး အတက်အကျဘ၀များစွာဖြစ်ကြရတယ်။ဒါဟာ သံသရာကျင်လည်နေတဲ့သူများအဖို့ နိယာမတရား တစ်ခုပါပဲ။
–>
တစ်နေ့ စာရေးသူနဲ့ အလွန်ရင်းနှီးတဲ့ အမျိုးသမီးတစ်ဦး ကျောင်းပေါ်ရောက်လာပါတယ်။ ၀တ်ပြုပြီးတဲ့အခါ “အရှင်ဘုရား………….( )နေ့မှာ သေဆုံးသွားတဲ့ လုလုအတွက် ရည်စူးပြီး ဆွမ်းကျွေးချင်ပါတယ်ဘုရား။ ဆွမ်းကျွေးချင်ရတဲ့အကြောင်းက မကြာသေးခင်က တပည့်တော် “လုလု”ကို အိပ်မက်ရပါတယ်။ သူက ကကတစ်ငါးဆိုရင် အရမ်းကြိုက်တာဘုရား။ သူအသက်ထင်ရှားရှိစဉ်က သူကြိုက်တဲ့ ကကတစ်ငါးကို ပေါင်းပြီး ကျွေးရင် တအားကို စားတော့တာပဲဘုရား။ အိပ်မက်ထဲမှာလဲ ကကတစ်ငါးပေါင်းကို လှူဒါန်းရတယ်လို့ မြင်မက်မိတဲ့အတွက် အခုလို လုလု အတွက်ရည်စူးပြီး အလှူလုပ်ပေးရတာပါဘုရား။ ဒီလို ကြံကြံဖန်ဖန်လှူရကောင်းလားဆိုပြီး အရှင်ဘုရားဆူမှာလဲ စိုးပါတယ်ဘုရား” လို့ လျှောက်ထားလာပါတယ်။
သူမ လျှောက်ထားလာတဲ့ လုလု ဆိုတာ လူမဟုတ်ပါ။ အဟိတ်တိရစ္ဆာန်သာဖြစ်တဲ့ အယ်လ်ဇေးရှင်းခွေးတစ်ကောင်သာ ဖြစ်ပါတယ်။ သူမစိတ်ချမ်းသာအောင် “သေသွားတဲ့သူဟာ လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် သေပြီးမှ အလှူလုပ်ပေးတဲ့အတွက် ရာနှုန်းပြည့် ရနိုင်တယ်လို့ တစ်ထစ်ချ မပြောနိုင်သလို အာမလည်း မခံနိုင်ပါဘူး။ တစ်ခုတော့ရှိတယ် အကြောင်းညီညွတ်ရင်တော့ ရသင့်က ရသွားနိုင်ပါတယ်” လို့ ပြောပေးရပါတယ်။ အမှန်က လူပဲဖြစ်စေ တိရစ္ဆာန်ပဲဖြစ်စေ အသက်ထင်ရှားရှိစဉ်မှာသာ သေချာပေါက် ကုသိုလ်ရနိုင်ပါတယ်။ သေသွားတဲ့ လုလုနဲ့စပ်လို့ ဒကာမအား တရားစကားပြောဖြစ်ခဲ့ပါတယ်။
တစ်ခါကသထုံပြည်မှာ သက်တော်ရှည် ဆရာတော်ကြီးတစ်ပါး ရှိပါတယ်။ တစ်နေ့တော့ ကျောင်းကို ခွေးကလေးတစ်ကောင် ရောက်ရှိလာပါတယ်။ ဆရာတော်လဲ ခွေးကလေးကို စတွေ့တွေ့ချင်း ချစ်ခင်မိပါတယ်။ ဆရာတော်ကြီးဟာ ခွေးကလေးကို နေ့စဉ် ထမင်းစတဲ့အစာတွေကို ကျွေးပါတယ်။ ဘုန်းတော်ကြီးကျောင်းမှာလဲ သံဃာတော်များရဲ့ စာအံသံတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ခွေးကလေးဟာ ကြားနေရတယ်။ တစ်နေ့ ခွေးကလေးဟာ မကျန်းမမာဖြစ်ပြီး သေအံ့ဆဲဆဲမှာ ဆရာတော်ကြီးက ပရိတ်ပဋ္ဌာန်းတွေ ရွတ်ဖတ်ပေးပါတယ်။ ခွေးကလေးဟာ ဆရာတော်ကြီးရဲ့တရားအသံကို နားထောင်ရင်း သေဆုံးသွားခဲ့တယ်။ ဒီလိုနဲ့ နောက်ပိုင်း နှစ်တွေအလီလီပြောင်းလို့လာခဲ့ပါတယ်။ တစ်နေ့ ဆရာတော်ကြီး လမ်းလျှောက်နေခိုက် အနောက်ကနေ “ဆရာတော်ဘုရား..ဆရာတော်ဘုရား” ဆိုပြီး မိန်းခလေးတစ်ယောက်ရဲ့ ခေါ်သံကို ကြားလိုက်တယ်။ ဒါနဲ့ နောက်လှည့်ကြည့်လိုက်တဲ့အခါ မိန်းခလေးတစ်ဦးဖြစ်နေတာ တွေ့ရပါတယ်။ ထိုအခါ ဆရာတော်က “ ဟဲ့ကလေးမ…ညည်းကိုလဲ ငါမသိပါလား၊ ညည်းကဘယ်သူလဲ” လို့မေးတဲ့အခါ ဆရာတော်က မသိပေမယ့် တပည့်တော်က ဆရာတော်ဘုရားကို တအားရင်းနှီးနေပါတယ်။ တပည့်တော်ဟာ အရင်ဘဝက ဆရာတော်ကျောင်းမှာ တပည့်တော် ခွေးကလေးဖြစ်ခဲ့ရတာလေဘုရား ဆိုပြီး မိန်းခလေးက ပြောရှာပါတယ်။ ဒါဟာ တရားအသံကို တရားမှန်းမသိပေမယ့် နားထောင်မိရာက အဆင့်မြင့်တဲ့လူ့ဘ၀ကို ရောက်သွားရခြင်းဖြစ်ပါတယ်။
ထိုဖြစ်ရပ်မျိုး ဘုရားရှင်လက်ထက်တော်တုန်းကလဲ ဖြစ်ခဲ့ဖူးပါတယ်။ သက်တော်ထင်ရှားမြတ်စွာဘုရားဟာ စမ္ပာမြို့အနီး ဂဂ္ဂရဆိုတဲ့ရေအိုင်နံဘေးမှာ သီတင်းသုံးနေတော်မူပါတယ်။ တစ်နေ့မှာ ဂဂ္ဂရ ရေအိုင်အနီး တရားသဘင်ကျင်းပရာ မဏ္ဍပ်ထဲသို့ ကြွတော်မူကာ ခင်းထားတဲ့နေရာမှာထိုင်တော်မူပြီး တရားနာပရိတ်များစွာတို့အား တရားဟောကြားတော်မူပါတယ်။ ထိုအခိုက် ဖားလေးတစ်ကောင်ဟာ တရားပွဲအနီးကို ရောက်လာပါတယ်။ တရားနာပရိသတ်တွေကလည်း စုံလင်များပြားလှတဲ့အတွက် ဖားကလေးဟာ ပရိသတ်အစွန်က နေပြီး ဘုရားရှင်ဟောတော်မူတဲ့ တရားအသံကို နားထောင်ကောင်းကောင်းနဲ့ နားထောင်နေလိုက်တယ်။
ထိုအချိန်မှာ နွားကျောင်းသားတစ်ယောက်ဟာ တရားပွဲအနီးရောက်လာပါတယ်။ ငြိမ်သက်တဲ့ဣနြေ္ဒနဲ့ တရားနာနေကြတဲ့ ပရိသတ်ကို မြင်ရတဲ့အခါမှာ ရွှင်လန်းတက်ကြွတဲ့စိတ်ရှိလှတာကြောင့် ပရိသတ်အစွန်မှာ ပါလာတဲ့ တုတ်လှံတံကို မြေကြီးမှာ ထောက်ပြီး ရပ်နေပါတယ်။ နွားကျောင်းသားဟာ မြေကြီးပေါ်ကို မကြည့်မိတဲ့အတွက် ဖားကလေးရှိနေတာကို မသိဘဲ သူထောက်လိုက်တဲ့ တုတ်လှံတံဟာ ဖားကလေးရဲ့ဦးခေါင်းကိုထောက် မိလျှက်သားဖြစ်သွားပါတယ်။ ဖားကလေးဟာ တရားတော်ရဲ့အသံကို နားထောင်နေရင်းကနေ ကြည်ညိုတဲ့စိတ်နဲ့ သေဆုံးခဲ့ရပြီးနောက် တာဝတိံသာနတ်ပြည်မှာ ၁၂-ယူဇနာ(၉၆မိုင်)ကျယ်ဝန်းတဲ့ ဗိမာန်ကြီးမှာ နတ်သား ဖြစ်ခဲ့ရပါတယ်။ ထိုနတ်သားကိုလဲ ဖားနတ်သား(မဏ္ဍူကဒေ၀ပုတ္တ)ဆိုပြီး နာမည်တွင်ခဲ့ပါတယ်။(ဝိမာန၊ဋ္ဌ၊၂၀၁)
အခုလဲ ခွေးကလေး သေဆုံးခါနီးမှာ ဆရာတော်ကြီးရွတ်ဖတ်တော်မူတဲ့ ပရိတ်တရားအသံကို နားထောင်မိတဲ့အတွက် ဖားကလေးတစ်ဖြစ်လဲ မိန်းကလေးဘ၀ လူလာဖြစ်ရတာပါ။ ဆရာတော်ကြီးဟာ ခွေးကလေးဘ၀ကနေ မိန်းခလေးဘဝဖြစ်လာရတဲ့ အကြောင်းကို တွေးပြီး သံဝေဂတွေဖြစ်နေမိပါတော့တယ်။ စာရေးသူဟာ ယခင်က ခွေးဆိုရင် အလွန်မုန်းပါတယ်။ ကျောင်းထဲဝင်လာတဲ့ခွေးတွေကို မြင်ရင် တုတ်၊ကျောက်ခဲစတာတွေနဲ့ ပစ်ပြီး ကျောင်းထဲက မောင်းထုတ်လေ့ရှိပါတယ်။ အထက်ပါအကြောင်းအရာကို ဖတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာ “အော်… ကံမကောင်းအကြောင်းမလှလို့ ခွေးဘ၀ ဖြစ်ရတယ်ဆိုပေမယ့် သူတို့လဲ အရင်ကအဆင့်မြင့်တဲ့လူနတ်စတာတွေ ဖြစ်ခဲ့ဖူးသလို နောင်မှာလဲ ဖြစ်ခွင့်ရှိဦးမှာပဲ။ ငါတို့လည်း ဘ၀သံသရာကျင်လည်ရတဲ့သူတွေဆိုတော့ ခွေးဘ၀လဲ အခါများစွာဖြစ်ခဲ့ပြီးတဲ့အပြင် လူ၊ နတ်၊ ဗြဟ္မာ ၊ ငရဲ ၊ပြိတ္တာ ၊တိရစ္ဆာန်၊ အသူရကာယ် ဘ၀များစွာဖြစ်ခဲ့ဖူးမှာပဲ။ သုံးဆယ့်တစ်ဘုံထဲနေသူမှန်သမျှ မဖြစ်ဖူးတဲ့ဘ၀ရယ်လို့ မရှိနိုင်။ ငါလဲ သုံးဆယ့်တစ်ဘုံထဲမှာကျင်လည်ရလို ခွေးလည်းသုံးဆယ်တစ်ဘုံထဲမှာကျင်လည်နေရတဲ့သူပဲ”လို့ တွေးမိရာက ခွေးတွေအပေါ်မှာ မေတ္တာစိတ်တွေ ထားနိုင်လာပါတော့တယ်။
ဒါကြောင့်လဲ သေဆုံးသွားတဲ့ ခွေးကလေး လုလု အတွက်ကုသိုလ်ကောင်းမှုပြုလုပ်ပေးတာနဲ့စပ်လို့ ခွေးကလေးပိုင်ရှင် အမျိုးသမီးကို မဆူရက်တော့ပါ။ တဖန် ထိုအမျိုးသမီးက“အခုတပည့်တော် ခရီးကပြန်လာလို့ အိမ်ရောက်ကတည်းက ခွေးကလေးတွေ အိမ်အပေါ်ထပ်မှာပဲ နေကြတာဘုရား။ ထမင်းစားချိန်ရောက်လို့ အိမ်အောက်ထပ်မှာ ကျွေးရင် ဆင်းပြီး မစားကြဘူး။ တပည့်တော် အောက်ကိုလိုက်ပို့မှ သူတို့ဆင်းပြီး စားကြတာဘုရား” လို့ ပြောပါတယ်။ အဟိတ်တိရစ္ဆာန်ဆိုပေမယ့် မဂ်ဖိုလ်မရနိုင်တဲ့ဥာဏ်သာမရှိကြတာ။ သူတို့လည်း သံသရာကျင်လည်နေကြရတဲ့ သတ္တ၀ါတွေမို့လို့ သာမန်အသိကတော့ ရှိကြတယ်လို့ဆိုရမှာပါ။
ဒါနဲ့စပ်လို့ တစ်ခါတုန်းက အလ္လကပ္ပတိုင်းမှာ မိုးခေါင်ရေးရှားဖြစ်ပြီး ငတ်မွတ်ခေါင်းပါးတဲ့ဘေးကြီး ကပ်ရောက်လာပါတယ်။ အဲဒီအခါ အလ္လကပ္ပတိုင်းမှာနေထိုင်တဲ့ ကောတုဟလိကလို့ခေါ်တဲ့လူတစ်ယောက်ရှိပါတယ်။ထိုသူဟာ အငတ်ဘေးနဲ့ကြုံနေတဲ့အတွက် ကောသမ္ဗီပြည်ကိုသွားကာ အလုပ်ရှာမယ်ဆိုပြီး စိတ်အကြံနဲ့ လမ်းခရီးမှာစားဖို့အတွက် ရိက္ခာစုဆောင်းနေပါတယ်။ ထိုအချိန်မှာ ကူးစက်တတ်တဲ့ရောဂါကြောင့် လူအများ သေကျေပျက်စီးနေတာကို မြင်လိုက်ရတဲ့အခါမှာ ကောတုဟလိကရယ်၊ဇနီးရယ်၊သားရယ် သုံးဦးသား အလ္လကပ္ပတိုင်းကနေ ထွက်ခွါလာခဲ့ကြပါတယ်။ လမ်းခရီးမှာ ပင်ပမ်းလှတဲ့အတွက် သားကလေးလဲ အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီလိုနဲ့ သူတို့ဇနီးမောင်နှံဟာ နွားကျောင်းသားရွာတစ်ရွာကို ရောက်လာပါတယ်။
ရွာထဲက နွားကျောင်းသားအိမ်မှာ နို့ညစ်မင်္ဂလာပြုလုပ်ပြီး ပစ္စေကဗုဒ္ဓါတစ်ပါးကို ဆွမ်းကျွေးနေပါတယ်။ နွားကျောင်းသားဟာ အိမ်ရှေ့ရောက်လာတဲ့ ကောတုဟလိက တို့ကို မြင်တဲ့အခါ နှုတ်ဆက်စကားဆိုပြီး စကားစမြည်ပြောဆိုပါတယ်။ အကြောင်းစုံသိရတဲ့အခါ ကောတုဟလိကအား နို့ဃဏာထမင်းကို ကျွေးပါတယ်။ စားပြီးတဲ့အခါ အိမ်အောက်မှာ နို့ဃဏာထမင်းစားနေတဲ့ ခွေးမကို မြင်တော့ ကံကောင်းလိုက်တာဆိုပြီးတွေးနေမိပါတယ်။ ဒီလိုနဲ့ စားတာများပြီး အစာမကြေဖြစ်ကာ ထိုညမှာပဲ သေဆုံးခဲ့ပါတယ်။ ဇနီးသည်လည်း ထိုနွားကျောင်းသား အိမ်မှာပဲ အခစားလုပ်ပြီး နေထိုင်လာခဲ့ပါတယ်။ ကောတုဟလိကဟာ သေဆုံးပြီး နွားကျောင်းသားအိမ်မှာဘဲ ခွေးကလေး ဖြစ်တယ်။ ခွေးကလေးဟာ ကျွေးမွေးနေတဲ့သူ့သခင်နဲ့အတူ အိမ်ကိုကြွပြီးဆွမ်းခံနေတဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ချစ်ခင်တဲ့စိတ်ရှိတယ်။ အရှင်သခင်က ကျောင်းကို ဆွမ်းပို့သွားတဲ့ခါ ခွေးကလေးက သူ့သခင်အန္တရာယ်ကင်းအောင် အရှေ့ကနေ လမ်းရှင်းတဲ့အနေနဲ့ “ဟောင်”ပြီး သွားလေ့ရှိပါ တယ်။ သခင်ကလည်း ခွေးကလေးနားလည်အောင်သင်ပေးထားပါတယ်။ နွားကျောင်းသားဟာ “အခါအခွင့်မသင့်တဲ့အခါများမှာ ခွေးကလေးကိုပဲ တပည့်တော်ကိုယ်စား လွတ်လိုက်ပါ့မယ်” လို့ ပစ္စေကဗုဒ္ဓါအားလျှောက်ထားခဲ့ပါတယ်။
နောက်ရက်မှာတော့ ခွေးကလေးဟာ ကျောင်းကို သွားတဲ့လမ်းတစ်လျှောက် တောကောင်တွေအန္တရာယ်က ကင်းအောင် ချုံပုတ်တွေ့တိုင်း သုံးကြိမ် ‘ဟောင်’ ပြီး ချုံပုတ်ထဲက တောကောင်လေးတွေ ထွက်သွားပြီဆိုတော့မှ ကျောင်းရှိရာကို သွားပါတယ်။ သစ်ရွက်မိုးကျောင်း တံခါးအနီးရောက်တယ်ဆိုရင်ပဲ သူရောက်နေကြောင်း အရှင်မြတ်သိအောင် သုံးကြိမ်တိတိ ‘ဟောင်’ ပြီး အနီးမှာ ၀ပ်နေလေ့ရှိပါတယ်။.အရှင်မြတ်လည်း အချိန်ကိုသိပြီး ဆွမ်းခံကြွတော်မူပါတဲ့အခါ ခွေးကလေးက အရှင်မြတ်အရှေ့နေပြီး သွားလေ့ရှိပါတယ်။ ဒီလိုနဲ့ ခွေးကလေးဟာ အရှင်မြတ်အသွားအပြန်ခရီးမှာ အကြိုအပို့လုပ်ပေးရှာတယ်။ တစ်နေ့ အရှင်မြတ်ဟာ ခွေးကလေးကိုစူးစမ်းခြင်တာနဲ့ သွားနေကျလမ်းမဟုတ်ဘဲ လမ်းမှားက သွားတဲ့အခါ ခွေးကလေးဟာ အရှင်မြတ်ကို ဒီလမ်းကမသွားစေချင်တဲ့သဘောနဲ့ အရှေ့ကနေ ကာဆီးထားပါတော့တယ်။ နောက်တစ်နေ့ လမ်းမှားကနေသွားပြန်တယ် ဒီလိုပဲ အရှေ့ကနေကာဆီးနေပြန်တယ်။ အရှင်မြတ်က ခွေးကလေးကို ခြေနဲ့ဖယ်ပြီး ရှေ့ဆက်သွားပြန်တယ်။ အရှင်မြတ် ပြန်မလှည့်လာတာကို သိတဲ့အခါ ခွေးကလေးဟာ မတတ်သာတဲ့အဆုံး အရှင်မြတ်ရဲ့သင်္ကန်းအစွန်းကိုကိုက်ပြီး ဆွဲငင်ကာ လမ်းမှန်ကို ပို့ဆောင်ပေးပါတယ်။ ခွေးကလေးဟာ ပစ္စေကဗုဒ္ဓါအပေါ် အလွန်ချစ်ခင်ရှာပါတယ်။
အချိန်ကြာလာတဲ့အခါ အရှင်မြတ်ရဲ့သင်္ကန်းများဟာ ဆွေးမြေ့လာပါတယ်။ ဒါကိုသိတဲ့ နွားကျောင်းသားက သင်္ကန်းလျာတစ်စုံကို ဆက်ကပ်လှူဒါန်းပါတယ်။ အရှင်မြတ်ဟာ သင်္ကန်းအတွက် ချုပ်ပြီးဆိုရပါဦးမယ်။ ဒါကြောင့် အရှင်မြတ်က“ဒကာ…သင်္ကန်းဆိုတာ တစ်ဦးထည်း ချုပ်-ဆိုးလို့မလွယ်ကူဘူး။ ရဟန်းတော်မျာရှိရာ ဂန္ဓာမာဒနတောင်ကို သွားမှဖြစ်မယ်” လို့ နွားကျောင်းသားအား ပြောပါတယ်။ ထိုအခါ နွားကျောင်းသားက “ဂန္ဓာမာဒနတောင်ကို ကြွရင်လဲ အကြာကြီးမသွားပါနဲ့ဘုရား” လို့ လျှောက်ထားပါတယ်။ အနီးရှိ ခွေးကလေးဟာ အရှင်မြတ်နဲ့သခင်တို့ပြောစကားကို နားထောင်လို့ နေပါတော့တယ်။ ဒီလိုနဲ့ အရှင်မြတ်လည်း မကြာခင်မှာ ကောင်းကင်ခရီးနဲ့ အလိုရှိရာကို ကြွတော်မူပါတယ်။ ခွေးကလေးဟာ သူအလွန်ချစ်တဲ့ အရှင်မြတ်ကြွသွားတာကို မျက်စိတဆုံးကြည့်ပြီးနေပါတယ်။ အရှင်မြတ်မမြင်တဲ့နေရာလဲရောက်ရော ခွေးကလေးဟာ နှလုံးကွဲပြီး သေရှာပါတော့တယ်။ သေလွန်တဲ့အခါ တာဝတိံသာမှာ နတ်သား ဖြစ်ရပါတယ်။ (သမာဝတီဝတ္ထု၊ဓမ္မပဒအဋ္ဌကထာ၊၁)
အချုပ်ပြောလိုတာက ပင်လယ်ကဒီရေလိုပဲ သံသရာကျင်လည်နေကြရတဲ့သတ္တ၀ါများရဲ့ဘ၀ဟာ နိမ့်တုံမြင့်တုံနဲ့ ကျင်လည်နေကြရပါတယ်။ တကယ်လို့ ချွတ်ချော်ပြီး အပါယ်ရောက်သွားရင်တော့ ပြန်တက်ဖို့ဆိုတာ အခွင့်အလမ်း အလွန်နည်းပါးလှပါတယ်။ ဒါကိုနည်းလည်ပြီး အခုလိုလူ့ဘ၀ရတဲ့အခိုက်မှာ
ကုသိုလ်များများရနိုင်အောင် ဖန်တီးလုပ်ဆောင်နိုင်ကြဖို့နဲ့ သံသရာမှာ ဘ၀အဆင့်မြင့်သထက် မြင့်အောင် ကြိုးစားအားထုတ်နိုင်ကြဖို့ အရေးကြီး ပါကြောင်းပြောကြားရင်း……. အဆုံးသတ်ပါ ရစေ….

No comments:

Post a Comment